ဂမ္ဘီရဆန်သောနေ့

ဒီနေ့ မနက်ကတည်းကိုက တစ်ခုခုဖြစ်တော့မယ်ဆိုတာ စိတ်ထဲမှာ ကြိုသိနေသလိုပဲ။ တစ်နေ့ကပဲ ဖဘပေါ်က ပို့စ်တစ်ခုထဲမှာ ဖတ်လိုက်ရပါသေးသည်။ ဘာတဲ့ '...

ဂမ္ဘီရ

ဒီနေ့ မနက်ကတည်းကိုက တစ်ခုခုဖြစ်တော့မယ်ဆိုတာ စိတ်ထဲမှာ ကြိုသိနေသလိုပဲ။

တစ်နေ့ကပဲ ဖဘပေါ်က ပို့စ်တစ်ခုထဲမှာ ဖတ်လိုက်ရပါသေးသည်။ ဘာတဲ့ 'ဇဗ္ဗူဒီပါ လကျာ်တောင်ကျွန်း ဘာနိမိတ်ထွန်း' ဆိုလား။ ဒါတွေက မယုံလို့လည်း မဖြစ်ပေဘူးကိုး။ လောကမှာ သိပ္ပံပညာရပ်နဲ့ လေ့လာဆန်းစစ်လို့ မရတဲ့ အဖြစ်အပျက်တွေက အများသား ....။

ဥပမာ လူတစ်ယောက်သေသွားလို့ နတ်ဖြစ်သွားတဲ့ ကိစ္စကို သိပ္ပံပညာနဲ့ လက်တွေ့တိုင်းတာလို့မရပေမဲ့ နတ်ကွန်းတွေဆောက်ပြီး အမှန်အကန်ကိုးကွယ်ကြတဲ့လူတွေရှိတယ်။ သိပ္ပံပညာရှင်တွေထက် ပညာစွမ်းမြင့်လို့သာ အခုလို နတ်တွေကို မြင်နိုင်ကြတာပေါ့။

မနေ့ညကတည်းက အိပ်မက်တွေမကောင်း၊ အိပ်မက်ဆိုးတွေ မက်သည်(မက်မှာပေါ့ သရဲကားကြည့်ထားသည်ကိုး)။

မနက်လင်းလို့ ဘုရားမီးပူဇော်၊ သောက်တော်ရေချမ်းကပ်တော့ ဟိုက်ရှားပါး .... ဒီနေ့ ဘုရားပန်းတွေ ထူးထူးခြားခြား ညိုးရော်ခြောက်သွေ့နေပါလား(ထိုးထားတာကိုက တစ်ပတ်လောက်ရှိပြီ)

ထိုစဉ်မှာပင် လေမတိုက်ရပါပဲနှင့် သရက်ပင်ကြီးမှ သရက်ကိုင်းကြီး ရုတ်တရက် ကျိုးကျလေသည်(ဒါများ ထူးဆန်းတာမှတ်လို့၊ ပိုးထိုးပြီး ခြောက်နေတဲ့ဟာကို)

အင်း .... ဘုရား ဘုရား ... စိတ်တွေလေးလိုက်တာနော်(စားလိုက်သမျှကလည်း အငန်တွေ)။ တစ်ခုခုတော့ ဖြစ်မှာသေချာတယ်၊ စိတ်ထဲမှာ ကြိုသိနေသလိုပဲ ....။

ဒါကြောင့် အိမ်သားတွေကို ပြောပြတော့လည်း ဒင်းတို့က လက်မခံ 'ဟာဗျာ ဒီနေ့ တစ်ခုခုဖြစ်မှာတော့ အမေပြောမှာလားဗျ၊ တစ်ခုမကဘူး လေးငါးဆယ်ခုလောက်ကို ဖြစ်မှာ။ ဟိုမှာ ကြောင်မကြီးက ဒီနေ့ဆို သားပေါက်တော့မှာ၊ ဟိုကြက်ဖကလည်း ကြက်နာကျနေတာ ဒီနေ့ ဂိမှာသေချာတယ်၊ ဟော ဟိုဇလုံထဲက ငါးရံ့ကြီးဆို ခဏနေ ဟင်းတစ်ခွက်ဖြစ်တော့မှာ၊ ပြီးတော့ ...."

ထိုအခိုက်မှာပင်
"ဝုန်း" ခနဲ အသံကြီးတစ်ခု၊ ပြီးတော့ နာကျင်စွာအော်မြည်လိုက်သည့်အသံ ...
"ဟဲ့ ငါ့သားငယ်လေး ဘာဖြစ်သွားတာလည်း မသိဘူး၊ သွားကြည့်ကြပါအုံးဟ" အမေ့ရဲ့ စိုးရိမ်စိတ်လွန်ကဲသံ ...
ပြီးတော့ ဗိုက်ထဲက အူတွေထွက်ကျနေသော ....
"အမေ့ရဲ့ သားငယ် ဘာမှ မဖြစ်ဘူး၊ ဒီကောင် ကြွက်ခုပ်နေတာ အမေရဲ့၊ ဟိုမှာ ကြည့်ပါလား သူခုပ်ထားတဲ့ ကြွက်က အူတွေတောင် ထွက်လို့ ...."

အင်း ... ထင်တော့ ထင်သား၊ တစ်ခုခုဖြစ်မှာပါလို့။

နှင်းလူ(Clicker)
22, 2, 2017/12:30AM

You Might Also Like

0 မှတ်ချက်