လူတိုင်းလေလည်ဖူးကြသည်

တခါကပေါ့ကွာ ဓာရာတိုင်းမှာ ဘောဇဘုရင်အုပ်စိုးနေသတဲ့၊ အဲ့ဘုရင်ကြီးထံမှာ ပညာရှိကြီး ကာလီဒါသ ခစားနေသတဲ့။ ကာလီဒါသဆိုတာ ကျနော်တို့ မြန်မာရာဇဝင်မှ...

တခါကပေါ့ကွာ ဓာရာတိုင်းမှာ ဘောဇဘုရင်အုပ်စိုးနေသတဲ့၊ အဲ့ဘုရင်ကြီးထံမှာ ပညာရှိကြီး ကာလီဒါသ ခစားနေသတဲ့။

ကာလီဒါသဆိုတာ ကျနော်တို့ မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ ဦးပေါ်ဦးလို ပညာရှိကြီးပေါ့။ ဘုရင်လုပ်သူက ပေါက်ပေါက်ရှာရှာမေးသမျှ ရှာကြံပြီး ဖြေတတ်ကြတဲ့သူတွေပေါ့၊၊


တစ်နေ့တော့ ညီလာခံကြီးကျင်းပနေချိန်မှာ ပညာရှိကြီး ကာလီဒါသဟာ အသံအကျယ်ကြီးနဲ့ လေလည်မိသတဲ့။

ဒီတော့ ညီလာခံတက်ရောက်လာကြတဲ့ မှူးမတ်တွေ၊ အခြားပညာရှိတွေ၊ ဘုရင့်မိဘုရားကအစ ရယ်ကြတော့တာပေါ့။

ဘယ်နှယ့် ... ခါတိုင်း အာဝဇွန်းရွှင်ရွှင်နဲ့ ဉာဏ်ပညာထက်လှသူကြီးခမျာ လူကြားသူကြားထဲ အသံမြည်ပြီး လေလည်ရတယ်လို့ဆိုပြီး ရယ်ကြတော့တာပေါ့။

ပညာရှိဆိုတဲ့လူမျိုးကလည်း ဘာသားနဲ့ ထုထားတာမို့လဲ။ သူလည်း လူထဲကလူပဲကိုး... ကျန်းမာရေးအရ မအောင့်အီးနိုင်လို့ လေလည်လိုက်မိတာကို ဝိုင်းရယ်ကြတဲ့ သူတွေကို ပြန်ချေပဖို့ ကာလီဒါသက အကြံထုတ်တော့တာပေါ့။

ဒါကြောင့် ကာလီဒါသဟာ နောက်ရက်ညီလာခံကို မတက်တော့ဘဲ အိမ်မှာပဲ နေနေတော့သတဲ့။

ဒီတော့ ဘုရင်က သူ့အချစ်တော် ပညာရှိကြီးကို မတွေ့တော့ လူလွှတ်ပြီး ကာလီဒါသကို အကြောင်းရင်းမေးတော့တာပေါ့။

ကာလီဒါသက သူ့အိမ်မှာ ပုလဲပင်ကနေ ပုလဲသီး သီးနေတဲ့အတွက် ပုလဲသီး မှည့်မှပဲ ညီလာခံလာတော့မယ်လို့ ပြောလိုက်တယ်တဲ့။

ဒီတော့ ဘုရင်က ဘယ်နှယ့် ပုလဲသီး သီးတယ်ဆိုတာ တကယ်ရှိလို့လားဆိုပြီး ကာလီဒါသအိမ်ကို ရောက်သွားတယ်တဲ့။

ပြီးတော့ ကာလီဒါသကို ဘယ်မှာလဲ ပုလဲသီးဆိုတာ ငါကိုယ်တော်မြတ် ခူးချင်တယ်လို့ ပြောသတဲ့။

ဒီအခါ ကာလီဒါသက ပုလဲသီးကို ဒီအချိန် မမြင်တွေ့နိုင်ပါကြောင်း မနက်ဖြန် အရုဏ်တက်ချိန်တွင်မှ မြင်ရမည်ဖြစ်ကြောင်း ပြောတာပေါ့။

ဒီတော့ ဘုရင်ကလည်း ကောင်းပြီလေ ဒါဆို အဲ့အခါကျရင် အဲ့ပုလဲသီးကို ခူးယူချင်တယ် ရမလားပေါ့။

ကာလီဒါသကလည်း ရပါတယ်ပေါ့၊ ဒါပေမဲ့ တကြိမ်တခါမှ လေလည်ဖူးခြင်း မရှိတဲ့ လူသာလျှင် အဲ့ပုလဲသီးကို ခူးဆွတ်လို့ရတယ်လို့ ပြောသတဲ့။

ဒီတော့ ဘုရင်ကြီးလည်း ခေါင်းစားသွားတာပေါ့။ ကိုယ့်ကိုယ်ကို လေလည်ဖူးတာလည်း သိနေတာကိုး၊ ဒါပေမဲ့ ရာဇဣန္ဒြေကြောင့် ငါကိုယ်တော်မြတ် လေလည်ဖူးတယ်လို့ ဝန်မခံဘဲနဲ့ ကောင်းပြီ မနက်ဖြန် လူလွှတ်ပြီး ခူးခိုင်းလိုက်မယ်လို့ ပြောသတဲ့။

နန်းတော်လည်း ပြန်ရောက်ရော လေမလည်ဖူးတဲ့လူတွေရှိရင် ကာလီဒါသအိမ်က ပုလဲသီးကို မနက်ဖြန် သွားဆွတ်ယူချေလို့ မိန့်သတဲ့။

ဒီအခါ ဘုရင့်မိဖုရားကစလို့ နန်းတော်ကြီးထဲ ရှိသမျှ မှူးကြီးမတ်ရာ၊ မင်းမူထမ်းတွေအကုန်လုံး လေမလည်ဖူးတဲ့လူ မရှိလို့ ကာလီဒါသအိမ်က ပုလဲသီးကို သွားမဆွတ်ယူရဲကြဘူးတဲ့။

အမှန်ဆို ပုလဲသီးသီးတယ်ဆိုတာ မဟုတ်ပါဘူး။ ကာလီဒါသရဲ့ ဉာဏ်ဆင်ထွင်လုံးတစ်ခုသာရယ်။ အဓိက ဆိုလိုချင်တဲ့ အဓိပ္ပာယ်က လူဆိုတာ ကျန်းမာရေးအရ မအောင့်အီးနိုင်ဘဲ လေလည်ဖူးကြတာချည်း၊ ဒါက လှောင်ပြောင်ရယ်စရာမှမဟုတ်တာ။

စာဒီလောက်အရှည်ကြီးရေးတာ လေလည်တဲ့အကြောင်းပြောပြဖို့လားလို့တော့ အတွေးမစောလိုက်နဲ့ကြနော်။ ကျနော်အဓိက ပြောချင်တဲ့အကြောင်းအရာက အခုမှ လာမှာ။

ကျနော်တို့လူတွေက အနာဂတ်ကို ကြိုမြင်နိုင်တဲ့ မျက်လုံးမပါကြပါဘူး။ သာမန်မျက်လုံးတွေပဲ ပါကြတာလေ။ ဒီတော့ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။  စမ်းတဝါးဝါးနဲ့ ဉာဏ်နဲ့ ယှဉ်ပြီး အလုပ်လုပ်ကြရတာချည်းပဲ။

ဒီတော့ အမှားအယွင်းတွေ၊ အဆင်မပြေမှုတွေ၊ ဒုက္ခတွေဆိုတာ တစ်နေရာမဟုတ် တစ်နေရာမှာတော့ တွေ့ကြုံလာနိုင်တာပဲ။ ဘာလို့ဆို ကျနော်တို့က သာမန်လူတွေပဲလေ။ အနာဂတ်ကို ကြိုမြင်ပြီး အမှားအယွင်းတွေ၊ ဒုက္ခတွေကို ကြိုတင်ရှောင်ရှားနိုင်တဲ့ လူတွေမှ မဟုတ်တာ။

ဒီတော့ ကာလီဒါသရဲ့ နည်းလမ်းအတိုင်းပြန်လုပ်ကြည့်ရင် ကောင်းမလားလို့။ လာခဲ့ကြဟေ့ ..... ဘဝမှာ တကြိမ်တစ်ခါမှ အမှားအယွင်း၊ ဒုက္ခ၊ အဆင်မပြေမှုတွေ "မတွေ့ကြုံဖူးတဲ့လူ"တွေပဲ ပုလဲသီးကို ဆွတ်ယူနိုင်တယ်ဆိုပြီးတော့လေ။

အဲ့ဒီအခါကျရင် ဘယ်သူတွေကများ ငါကတော့ မွေးကတည်းက အမှားဆိုတာ မလုပ်ဖူးဘူး၊ ဒုက္ခဆိုတာ ဂျိုနဲ့လား၊ အဆင်မပြေမှုဆိုတာ အိပ်မက်ထဲတောင် ယောင်လို့တောင် မမက်ဖူးဘူးကွ ဆိုပြီး ဘယ်သူတွေကများ ခေါင်းမော့ရင်ကော့ပြီး ထွက်လာကြမလဲလို့ သိချင်လိုက်တာ။

ဒီတော့ဗျာ .... အဆင်မပြေမှုတွေ၊ ဒုက္ခတွေ တွေ့ကြုံတိုင်း လူတိုင်း လေလည်ဖူးကြတာချည်းပဲလို့ တွေးပြီး ရင်ဆိုင်ဖြတ်သန်းလိုက်ပါ။ ပုလဲပင်ကနေ ပုလဲသီးကို မဆွတ်ခူးနိုင်လဲ ကိစ္စမရှိပါဘူး။ ဘာလို့ဆို အဲ့ဒါက ဖြစ်မှ မဖြစ်နိုင်ဘဲ ...

(သူငယ်ချင်းတစ်ယောက်ထံရေးပေးဖူးတဲ့ စာတစ်ပုဒ်ပါ)

ငထွန်း (Clicker)



You Might Also Like

0 မှတ်ချက်